သပ်သပ်ရပ်ရပ် အဝတ်ဗီရိုလေးအတွက် နည်းလမ်း ၄သွယ်

Posted in အိမ်မှုရေးရာ


အင်္ကျီအဝတ်အစားတွေ အများကြီးဝယ်ခြမ်းထားပေမဲ့ သွားခါနီး၊ လာခါနီးမှ ဗီရိုရှေ့မှာကြည့်ရင်း ဘာဝတ်ရမှန်းမသိ ဖြစ်တတ်ကြတယ်မလား။ ဝတ်ချင်တဲ့ အကျီလေး ရှာမတွေ့တာတာ၊ ရှာတွေ့ပေမဲ့လည်း ကြေမွနေတာမျိုးကြောင့်လည်း စိတ်တွေရှုပ်ရပြီလေ။ ဒါကြောင့် သွားချင်တဲ့နေရာအလိုက် အင်္ကျီလေးတွေ ကိုယ့်ဗီရိုထဲ နေရာတကျဖြစ်နေကာ ရှာရလွယ်ပြီး အမြဲသန့်ရှင်းသပ်ရပ်စေဖို့ နည်းလမ်းကောင်းလေးတွေကတော့ အမြဲရှိနေပါတယ်။ လိုတာတွေ ချန်၊ မလိုတာတွေ ထုတ်ဖို့လည်း လိုတာကြောင့် ဒီ‌‌အောက်က နည်းလမ်းလေးတွေသုံးပြီး ရှုပ်နေတဲ့ အဝတ်ဗီရိုကို ပိတ်ရက်တွေမှာ ရှင်းကြည့်ရ‌အောင်။ 

စရှင်းဖို့ ဘာတွေလိုမလဲ

အဝတ်တွေ စရှင်းတဲ့နေရာမှာ အရင်ဆုံး ဗီရိုထဲက အဝတ်တွေ ထုတ်လိုက်မိပြီး ဗီရိုအပြင်မှာ ထားဖို့နေရာသပ်သပ် မချန်မိဘူးဆို ဟိုနေရာ ပုံ၊ ဒီနေရာ ပုံ ဖြစ်ပြီး ရှင်းရတာ အာရုံနောက်ကာ ပင်ပန်းစေပါတယ်။ ဒီတော့ အဝတ်ရှင်းတဲ့အခါ အလွယ်တကူဖြစ်အောင် ဒီပစ္စည်းလေးတွေ ကြိုပြင်ဆင်ထားရင် ပိုပြီး သပ်သပ်ရပ်ရပ်နဲ့ အချိန်ကုန်၊ လူပင်ပန်းသက်သာစေပါတယ်။

အိတ်အကြီးများ (Shopping Bag) - သိပ်မဝတ်ဖြစ်တဲ့ အင်္ကျီအဝတ်အစားတွေ၊ အနွေးထည်တွေ၊ မတော်တော့တဲ့အဝတ်အစားတွေကို ဖယ်ပြီး သပ်သပ်စီထားဖို့ ဆိုဒ်ကြီးကြီး အိတ်တွေက အသုံးဝင်စေမှာပါ။ ဒီလိုအိတ်ကြီးတွေ မရှိဘူးဆိုလည်း အဝတ်ထည့်ပုံးတွေ၊ ခြင်းတွေလည်း အသုံးပြုလို့ရပါတယ်။

မှန် - အဝတ်အစားတွေကို တော်မတော်၊ လိုက်မလိုက် ကိုယ်နဲ့ကပ်ကြည့်ဖို့ မှန်ကြီးကြီး တစ်ချပ်ကတော့ အနားမှာ ရှိသင့်ပါတယ်။ ဒါမှ သိမ်းသင့်တာသိမ်း၊ ထုတ်သင့်တာထုတ်ဖို့ လွယ်လွယ်ကူကူ ဆုံးဖြတ်လို့ရတာပေါ့။

ခြင်း - အဝတ်တွေရှင်းရင်း ထွက်လာတဲ့ စက္ကူတွေ၊ ခေါင်းစည်းကြိုးတွေ၊ ကလစ်တွေနဲ့ ဘောင်းဘီအိတ်ကဒ်တွေထဲက ဘောက်ချာစာရွက်တွေ၊ ထည့်ထားပြီး မေ့နေတဲ့ ပိုက်ဆံတွေပါ ထွက်လာနိုင်တာမို့ ဒါတွေသပ်သပ် သွားသိမ်းနေမယ့်အစား ခြင်းအလွတ်တစ်ခုမှာ ခဏထည့်ထားလိုက်တာက အဝတ်ရှင်းတဲ့နေရာမှာ အနှောင့်အယှက်မဖြစ်တော့ပါဘူး။

အားလုံးထုတ်ပြီး ရှင်းပါ

အဝတ်အစားတွေ၊ ပစ္စည်းတွေကို ဗီရိုထဲက အကုန်မထုတ်ဘဲ အပေါ်ယံရှင်းနေမယ်ဆို ဗီရိုရဲ့ အောက်ခြေတွေ၊ ထောင့်တွေမှာ အချိန်တော်တော်ကြာ ရှိနေ၊ ကပ်နေတဲ့ အဝတ်အစားတွေက ဒီတိုင်းပဲ ကျန်မြဲကျန်ခဲ့ပြီး သိပ်မဝတ်လိုက်ရဘဲ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် စရှင်းမယ်ဆို ဗီရိုထဲက အဝတ်အစားတွေ၊ တခြားပစ္စည်းတွေနဲ့ ချိတ်တွေကအစ တစ်ခုမကျန် အကုန်ထုတ်လိုက်မှသာ သန့်ရှင်း‌ရေးသေချာလုပ်နိုင်ပြီး အဝတ်အစားတွေ သပ်သပ်ရပ်ရပ်နဲ့ ကိုယ်စီချင်တဲ့နေရာအတိုင်း နေရာချလို့ လွယ်ကူနိုင်မှာပါ။ အားလုံးထုတ်လိုက်ပြီး ဗီရိုကို သန့်ရှင်းတဲ့နေရာမှာလည်း ဖုန်တွေတက်နေနိုင်တဲ့ ဗီရိုအပေါ် ဘက်တွေရော၊ အတွင်းဘက်က စင်တွေ၊ တန်းတွေ၊ ဘေးဘက် နေရာတွေပါမကျန် ရှင်းလင်းမှ သင့်ရဲ့ အဝတ်တွေကို သန့်ရှင်းသပ်ရပ်စွာ နေရာပြန်ချနိုင်မှာပါ။

သင့်‌တော်တာရွေးချယ်ရှင်းလင်းပါ

အဝတ်အစားတွေ ရှင်းတဲ့အခါ ဖြစ်တတ်တာ အများဆုံးကတော့ အသုံးမဝင်နိုင်တော့တဲ့ အင်္ကျီတွေကို ရှင်းထုတ်လိုက်ဖို့ကို နှ‌မြောကြတာပါပဲ။ ကိုယ်နဲ့မသင့်တော်တော့တာတွေ၊ တစ်ချိန်ချိန်မှာ အသုံးဝင်နိုင်တယ်ဆိုပြီး သိမ်းထားမိတာတွေ ရှိတတ်တာမို့ တကယ်လိုအပ်တာတွေ ဗီရိုထဲမှာ မထည့်နိုင်တော့ဘဲ ဒါတွေကပဲ နေရာယူနိုင်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် အဝတ်အစားတွေကို လိုတာ သိမ်း၊ မလိုတာ ရှင်းထုတ်နိုင်ဖို့ Kon Mari Methodအသုံးပြုပြီး လွယ်လွယ်ကူကူရွေးချယ်ရှင်းလင်းနိုင်ပါတယ်။ 

  • ဒီအဝတ်အစားကို ကြိုက်လား
  • တကယ်ဝတ်ဖြစ်နိုင်လား
  • ကိုယ့်Styleနဲ့လိုက်ဖက်မှုရှိလား

ဒီအချက်တွေနဲ့ သုံးသပ်ကြည့်ပြီး ၃မျိုးလုံး ကိုက်ညီနေတယ်ဆိုမှ ဗီရိုထဲ ထည့်သိမ်းထားလိုက်ပါ။ အဝတ်အစားတွေ အသစ် ခဏခဏ ဝယ်မိနေတယ်ဆိုလည်း ဒီ Kon Mariနည်းလမ်းနဲ့ တကယ် အသုံး လိုမလို ခွဲခြားနိုင်တာပေါ့။ 

အကယ်လို့ အဝတ်အစားတွေကို ဒီလိုမခွဲခြားနိုင်သေးဘူးဆိုလည်း အဝတ်ပုံးတစ်ခုမှာ ရှင်းထုတ်ဖို့မသေချာသေးတာတွေကို ၆လလောက် သပ်သပ်သိမ်းထားလိုက်ပြီး အဲ့အဝတ်အစားတွေကို ဝတ်ဖို့ သတိမရတာဖြစ်ဖြစ် ဒီ၆လအတွင်း လုံးဝမဝတ်ဖြစ်ဘူးဆိုရင်တော့ ရှင်းထုတ်လိုက်သင့်ပါပြီနော်။ နှစ်အတော်ကြာမဝတ်ဖြစ်တဲ့ အဝတ်အစားတွေ၊ မတော်တော့တာတွေ၊ အရောင်တွေ ဖျော့တော့လာပြီဆိုရင်တော့ ရှင်းထုတ်လိုက်တာဖြစ်ဖြစ်၊ တခြားနေရာလှူလိုက်တာဖြစ်ဖြစ် ပြုလုပ်လိုက်ပါ။

ဘယ်လိုစနစ်တကျထားမလဲ

အင်္ကျီအမျိုးအစားတွေ အကုန်လုံး ဗီရို၁လုံးထဲ အစီအစဉ်တကျ ထည့်သိမ်းဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်တာမို့ သေချာခေါက်သိမ်းသင့်တဲ့ အဝတ်အစားတွေ၊ ချိတ်နဲ့ ချိတ်ထားသင့်တဲ့ အဝတ်အစားတွေလည်း ရှိတာပါ။ ဘယ်လိုအဝတ်အစားလိုင်းကို ဘယ်နေရာထားမလဲဆိုတာ လက်တွေ့ကျကျစဉ်းစား နေရာချနိုင်မှသာ အင်္ကျီတွေထောင့်ကပ်ပြီး ကြေမွနေတာ၊ ကျပ်ပိတ်သိပ်နေတာ၊ ထည့်ရထုတ်ရခက်နေတာမျိုး တွေ မဖြစ်မှာပါ။ အရောင်တွေ၊ အဝတ်အစားအမျိုးအစားတွေနဲ့ အရှည်တွေအပေါ် မူတည်ပြီးလည်း စင်တွေ၊ ချိတ်တဲ့နေရာတွေမှာ မျှထားလို့ရပါတယ်။ 

လက်ရှည်အင်္ကျီတွေ၊ တီရှပ်တွေ၊ ဂျင်းဘောင်းဘီတွေ၊ စတိုင်ပန့်တွေ၊ ဂါဝန်တွေ သို့ အပြင်အဝတ်အစားတွေ၊ အိမ်နေရင်းအင်္ကျီတွေ စသဖြင့် အုပ်စုတွေခွဲလိုက်ပါ။ ဒီလို အဝတ်အစားတွေ ၁ပုံ ၁မျိုးစီ အပြင်မှာ သပ်သပ်ထားမှသာ ဗီရိုထဲ ဘယ်လောက်အရွယ်အစား နေရာချ၊ ထည့်မလဲခန့်မှန်းနိုင်မှာပါ။ နောက်ပြီးတော့ အဝတ်များတဲ့ အဝတ်အစားတွေကို နေ့စဉ်နေ့တိုင်း ထုတ်ရလွယ်အောင် လွယ်ကူမြင်သာတဲ့နေရာမှာ ထားပါ။ အနွေးထည်အထူကြီးတွေ၊ ပွဲတက်ဝတ်စုံတွေ၊ ဒီဇိုင်းဆန်းဆန်းအင်္ကျီတွေ စတဲ့ အဝတ်နည်းတဲ့ အဝတ်အစားတွေကို နောက်ပို့တာ သို့ ဗီရိုရဲ့ အပေါ်ဆုံးစင်တွေမှာ ထားလိုက်ပါ။ ခါးပတ်တွေ၊ ဉီးထုပ်တွေနဲ့ တခြား accessoriesတွေကို ဗီရိုအံဆွဲတွေနဲ့ နံရံတွေမှာ ချိတ်နဲ့ဆွဲချိတ်ထားတာ ဖြစ်ဖြစ်ထားနိုင်ပါတယ်။

အဝတ်ဗီရိုတွေကို ခဏခဏသန့်ရှင်းလုပ်တာ၊ နေရာချတာလုပ်နိုင်လေလေ ဗီရိုရှေ့ အချိန်ကုန်နေဖို့နည်းလေပါ။ ဖြစ်နိုင်ရင် ၁နှစ် ၂ခါ အဝတ်ဗီရိုထဲက အဝတ်အစားတွေကို ပုံမှန်ရှင်းလင်းပြီး နေရာပြန်ချတာတွေ လုပ်သင့်ပါတယ်။ ကိုယ့်အိမ်မှာရှိတဲ့ ဗီရိုအအရွယ်အစားကွာခြားမှုနဲ့ ဝတ်စားဆင်ယင်မှုတွေ အနည်းငယ် ကွာခြားနိုင်တဲ့အတွက် ဒီအတိုင်းမဟုတ်ဘဲ ကိုယ်နဲ့ ကိုက်ညီနီးစပ်တဲ့ ပုံစံတွေနဲ့ စီစဉ်တကျထားလို့ရပါတယ်နော်။ 


Share

Comments

Related Posts